ကိုဆန်း၏ ကျောင်းသားဘဝအစ ပထမဆုံးကျောင်းမှာ ရန်ကင်းမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း ပင် ဖြစ်ပါသည်။ ထိုစဉ်က ကိုဆန်းတို့ မိသားစုသည် တန်ဖိုးသက်သာသော အိမ်ရာအဆောက်အအုံတစ်ခု၏ တတိယထပ်ရှိ သေးငယ်သည့် အခန်းတစ်ခန်းတွင် နေထိုင်ခဲ့ကြရပြီး ကိုဆန်းသည် နေ့စဉ် ကျောင်းသို့ ခြေကျင်ဖြင့်သာ သွားလာခဲ့ရပါသည်။
ကိုဆန်း၏ ကျောင်းဘဝကာလအတွင်း အမှတ်ရဖြစ်စေသည့် အကြောင်းအရာတစ်ခုမှာ မိဘများထံမှ မုန့်ဖိုး မရရှိခဲ့ခြင်းပင် ဖြစ်ပါသည်။ ကိုဆန်းအတွက် မိခင်ဖြစ်သူက နေ့စဉ် နံနက်စောစောပိုင်းတွင် စီစဉ်ပေးလိုက်သည့် ထမင်းဘူးတစ်ဘူးသည် သူ့အတွက် အရာအားလုံး ဖြစ်ခဲ့ပြီး ကျောင်းရှိ အခြားကလေး အများစုကဲ့သို့ မုန့်ဖိုး ရရှိခြင်း မရှိခဲ့ပါပေ။
အားလပ်ချိန်တွင် အတန်းဖော်ကလေးများ မုန့်ဟင်းခါးစားသူစား မုန့်စားသူစားဖြင့် ပျော်ရွှင်နေကြချိန်တွင် မုန့်ဘိုးမရှိသည့် ကိုဆန်းတစ်ယောက် အတန်းဖော်များ၏ ပျော်ရွှင်လှုပ်ရှားမှုနေသည့် ပုံရိပ်များကို ငေးမောရင်း တိတ်တဆိတ် သဘော ကျနေခဲ့ရ ပါသည်။ အတန်းဖော်များကဲ့သို့ ငွေသုံးစွဲခြင်း၊ အပေါင်းသင်းများကဲ့သို့ စားသောက်ပျော်ပါးနိုင်ခြင်း မရှိသည့် ကိုဆန်းသည် မိမိဘဝကို ပြန်လည်ဆန်းစစ်ကာ ငွေကြေးမလိုအပ်ဘဲ ပညာရေးတွင် ထူးချွန်နိုင်မည့် နည်းလမ်းများကို စဉ်းစားခဲ့ပါသည်။ ယင်းအတွက် သူသည် ပညာရေးအပေါ် အလွန်အမင်း အာရုံစိုက်ခဲ့ပြီး အတန်းဖော်များထက် ပညာရေးပိုင်းကို ပိုမိုကြိုးစား လေ့လာခဲ့သည်။ ကိုဆန်း၏ လေ့လာကြိုးစားမှု၏ အကျိုးရလဒ်များမှာ မကြာမီပင် သိသာထင်ရှားလာခဲ့ပါသည်။
သူသည် အသက် ၁၀ နှစ်ခန့်အရွယ် ပဉ္စမတန်း ကျောင်းသားဘဝမှ စတင်ကာ ကျောင်းစာမေးပွဲတိုင်းတွင် ထိပ်တန်းကျောင်းသား သုံးဦး စာရင်းတွင် အမြဲတမ်း ပါဝင်လာခဲ့ပါ သည်။ သူသည် အဌမတန်း ကျောင်းသားဘဝတွင် အခြေခံပညာ အလယ်တန်း ပညာရေးကို ရန်ကင်းမြို့နယ်အတွင်း အဆင့် အမြင့်ဆုံး ကျောင်းသားတစ်ဦးအဖြစ် ပြီးဆုံးစေခဲ့ပါသည်။
ကိုဆန်း၏ ထူးချွန်သည့် ပညာရေးမှတ်တမ်းကြောင့် ထင်ရှားသည့် မည်သည့်အထက်တန်းကျောင်းတွင် မဆို ပညာဆက်လက် သင်ကြားရန် လျှောက်ထားခွင့် ရရှိခဲ့ပြီး နောက်ဆုံးတွင် “နန်ယန်” ဟု လူသိများသော ဗဟန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၂) တွင် တက်ရောက်ပညာသင်ကြားခဲ့ပါသည်။
နန်ယန် ကျောင်းသည် ချမ်းသာကြွယ်ဝသည့် ရပ်ကွက်အတွင်း တည်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝှမ်းမှ ထင်ရှားသော မိသားစုများက ပေါက်ဖွားလာသည့် ငွေကြေးချမ်းသာသည့် သားသမီးများ စုဝေးလာရောက် ပညာသင်ကြားကြသည့် ကျောင်း လည်းဖြစ်ပါသည်။ ကျောင်းသားအများစုမှာ ကိုယ်ပိုင်ကားများ၊ ဌာနဆိုင်ရာ ယာဉ်များ၊ ကျောင်းကြိုယာဉ်များဖြင့် ကျောင်းသို့ လာရောက်လေ့ရှိကြသော်လည်း ကိုဆန်းသည် အများပြည်သူသုံး ဘတ်စ်ကားဖြင့် ကျောင်းတက်လေ့ရှိသည့် တစ်ဦးတည်း သော ကျောင်းသားပင် ဖြစ်ပါသည်။
မည်သည့်အခြေအနေတွင်ဖြစ်စေကာမူ ကိုဆန်းသည် စိတ်ဓာတ်ကျခြင်း မရှိဘဲ မိမိဘဝအခြေအနေများကို အားအင်အဖြစ်ခံ ယူကာ ပညာရေးကို ပိုမိုကြိုးစားခဲ့ပါသည်။ ပထမဆုံး သင်တန်းကာလ (Semester) ပြီးဆုံးချိန်တွင် အတန်း တာဝန်ခံ (Class Monitor) အဖြစ် ခန့်အပ်ခံရခြင်းဖြင့် သူ၏ ကြိုးစားအားထုတ်မှုကို ဆရာများနှင့် အတန်းဖော်များက အသိအမှတ်ပြုခဲ့ကြပါသည်။ အတန်းတာဝန်ခံဖြစ် ခန့်အပ်ခံရခြင်းသည် ကျောင်းသားသစ်တစ်ဦးအတွက် အလွန်ရှားပါးသော ဂုဏ်ယူဖွယ်ရာ တာဝန်တစ်ခု လည်းဖြစ်ခဲ့ပါသည်။
ကိုဆန်းသည် အခြေခံပညာအထက်တန်းစာမေးပွဲ (Matriculation Examination) တွင် ဘာသာရပ်ခြောက်ဘာသာလုံးတွင် ဂုဏ်ထူးရရှိကာ နိုင်ငံတစ်ဝှမ်း အဆင့် (၁၀) အတွင်း ဝင်ရောက်ခဲ့ပါသည်။ ဆရာဝန်တစ်ဦးဖြစ်လိုသည့် ရည်မှန်းချက်ဖြင့် ကိုဆန်းသည် ဆေးတက္ကသိုလ် (Institute of Medicine) သို့ တက်ရောက်ပညာသင်ကြားခဲ့ပြီး ဆေးတက္ကသိုလ်အတွင်း အဆင့် (၅) ရရှိသည့် ထူးချွန်သူတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။
သို့သော် ထင်မှတ်မထားသည့် မိသားစု အခြေအနေများသည် ကိုဆန်း၏ ဘဝအိပ်မက်ကို မှိန်ဖျော့စေခဲ့ပါသည်။ အသက်ငယ်လွန်းသေးသည့် ညီမနှစ်ဦး ပညာရေးရှေ့ခရီးနှင့် ဝင်ငွေကို အကန့်အသတ်ဖြင့်သာ ထိန်းချုပ်သုံးစွဲရသည့် ဝန်ထမ်း မိသားစုတိုင်း ကြုံရတတ်သည့် အခြေအနေများကြောင့် မိခင်ဖြစ်သူက ညီမငယ်နှစ်ဦး၏ ပညာရေးခရီးအတွက် ကိုဆန်း၏ ဆေးတက္ကသိုလ်ပညာရေးကို လက်လွတ်ရန် တိုက်တွန်းလာပါတော့သည်။
ထိုသို့အခြေအနေမျိုးတွင် ကိုဆန်းသည် သူ့ဘ၀ တစ်ဆစ်ချိုး အပြောင်းအလဲအတွက် အရေးပါသော ဆုံးဖြတ်ချက်တစ်ရပ်ကို မိဘများ ကန့်ကွက်နေသည်ကြားက ရဲရဲဝံ့ဝံ့ ချမှတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်မှာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) ထံမှ ပညာရေးဆိုင်ရာ ဆုကြေးများအဖြစ် ရရှိထားသည့် ကိုယ်ပိုင်စု ဆောင်းငွေများကို အသုံးပြုကာ နိုင်ငံခြားသို့ထွက်ခွာရန် လေယာဉ်လက်မှတ်ကို အသွားတစ်ကြောင်းတည်းသာ ဝယ်ယူလိုက် ခြင်းပင် ဖြစ်ပါသည်။
ကိုဆန်း ပထမဆုံးစွန့်စား ရောက်ရှိခဲ့သည့် နိုင်ငံမှာ စင်ကာပူနိုင်ငံပင် ဖြစ်ပါသည်။ သူသည် မွေးရပ်မြေမဟုတ်သည့် ရေခြားမြေခြားတွင် ငွေကြေးမရှိဘဲ စွန့်စားရောက်လာသူတစ်ဦးအဖြစ် မြောက်မြားစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ သူ၏ စားသောက်နေထိုင်မှုမှာ ပုံမှန်မရှိဘဲ နေ့လယ်စာ တစ်နပ်တည်းဖြင့်သာ နေ့ရက်များစွာကို ကျော်လွှားခဲ့ရပြီး ဘဝရည်မှန်းချက်အတွက် စိန်ခေါ်မှုအားလုံးကို ဆက်လက်ရင်ဆိုင်ခဲ့ပါသည်။
အနေအစား မမှန်ကန်မှုနှင့် ဝေဝါးသည်ဟု ထင်ရသည့် သူ့ရည်မှန်းချက်ကြောင့် မိခင်ဖြစ်သူက နေအိမ်သို့ ပြန်လာရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း ကိုဆန်းသည် ဇွဲမလျော့ဘဲ ပြင်းထန်သော စိတ်ဓာတ်ဖြင့် ရည်မှန်းချက် ရောက်ရှိရန် ဆက်လက်ကြိုး စားခဲ့သည်။ သူူသည် နေ့စဉ်ဘဝလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အလုပ်ရှာဖွေလုပ်ကိုင်ရင်း တစ်ချိန်တည်းတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများနှင့် ပညာသင်ဆု စာမေးပွဲများကိုလည်း အကြိမ်ကြိမ် ဝင်ရောက်ဖြေဆိုခဲ့ကာ သူ၏ ရည်ရွယ်ချက်ဖြစ်သည့် တက္ကသိုလ်ပညာ ရေးကို ဆက်လက် ဆည်းပူးနိုင်ရန် မျှော်လင့်ချက်ဖြင့် အစွမ်းကုန် ကြိုးစားခဲ့ပါသည်။
ကိုဆန်း၏ ကြိုးစားအားထုတ်မှုများနှင့် စိတ်ပျက်ဖွယ်အချိန်များကို သည်းခံကျော်လွှားမှုများသည် အချည်းအနှီး မဖြစ်ခဲ့ပါပေ။ သူ သည် နောက်ဆုံးတွင် အကျိုးအမြတ်အဖြစ် ယူနိုက်တက်ကင်းဒမ်းတွင် စာရင်းကိုင်ပညာ (Accountancy) သင်ကြားရန် ပညာသင်ဆု ချီးမြှင့်ခြင်းကို ရရှိခဲ့ပါသည်။
ထို့ကြောင့် သူသည် ၁၉၉၄ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ ထွက်ခွာကာ သူ၏ ဘဝအခန်းကဏ္ဍသစ်ကို စတင်ခဲ့ပါတော့သည်။ ၁၉၉၆ ခုနှစ်တွင်ကား သူသည် တစ်ချိန်က အလွန်ဝေးကွာပြီး မသေချာသကဲ့သို့ ထင်မြင်ခဲ့ရသည့် သူ့ဘဝရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထင်ရှားကျော်ကြားသည့် လန်ဒန်တက္ကသိုလ် (University of London) မှ ဘွဲ့ရရှိခဲ့ပြီး Chartered Accountant အဖြစ် အရည်အချင်းပြည့်မီသူတစ်ဦး ဖြစ်လာခဲ့ပါသည်။